Sunday, January 1, 2012

သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေဂါထာတော်


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။
ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။
အပ္ပကာ ၀ါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။
နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။
အနေက အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော ။
သမ္ဗုဒ္ဓေ ဂါထာအနက်

    အဋ္ဌ၀ီသံ - သုံးပါး ဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူ ကုန်သော ။ သမ္ဗုဒ္ဓေစ - တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း ၊ ဒွါဒသဉ္စသဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော ၊ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကို လည်းကောင်း ၊ ပဉ္စဿတ သဟဿာနိ - သောင်းတိုက် စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော ၊ သမ္ဗုဒ္ဓေစ - နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကို လည်းကောင်း ၊ အဟံ - အကျွန်ုပ်သည် ၊ သိရသော - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ - ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ ။
    ဂင်္ဂါ - ဂင်္ဂါယ - ဂင်္ဂါမြစ်တွင်း၌ ၊ ၀ါလုကာ - ရှိကြကုန်သော သဲတို့သည် ၊ အပ္ပကာ - နည်းကြကုန်သေး၏ ၊ နိဗ္ဗုတာ - ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော် မူကြကုန်ပြီးသော ၊ ဇိနာ - နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့်  ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့အား ၊ အနန္တော - သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန် ၊ တေဇိနေစ - ထိုဘုရားရှင်တို့ကို လည်းကောင်း ၊ တေသံ - ထို ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ကုန် ဘုရားရှင် ၊ မရေမတွက်နိုင်သော ဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ - တရားတော်မြတ်ကို လည်းကောင်း ၊ သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို လည်းကောင်း ၊ အဟံ - အကျွန်ုပ်သည် ၊ အာဒရေန - အာဒရံ - ရိုသေစွာ ၊ နမာမိ - ရှိခိုးပါ၏ ။
    နမက္ကာရာနုဘာဝေန - ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမ ကုသိုလ် စေတနာကြောင့် ၊ သဗ္ဗေ - ခပ်သိမ်းကုန်သော ၊ ဥပဒ္ဒဝေ - ဘေးရန်တို့ကို ၊ ဟိတွာ - ပယ်ဖျောက်၍ ၊ အနေကအန္တရာယာပိ - တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်ဖြင့် ၊ ၀ိနဿန္တု - ပျောက်ပျက်ပါစေကုန်သတည်း ။

    မြတ်သမ္ဗုဒ္ဓေ ၊ ဆူဝေကျော်ကြား ၊ နိဒါန်းအားဖြင့် ၊ ကွမ်းစားသတ္တော် ၊ခေါင်းလျှော်ဒသ ၊ သတ္တတြိန်း ၊ ဆီလိမ်းပဉ္စ ၊ စီးထလှေမှာ ၊ ရှစ်ကြိမ်သာတည့် ၊ နံ့သာပန်းမျိုး ၊ ကိုးကြိမ်နှိုးလော့ ၊ ချုပ်မိုးညဥ့်ခါ ၊ အိပ်ရာဝင်မူ ၊ ကိုးကြိမ်ဟူ၏ ။ ရန်သူတွေ့မြောက် ၊ ဆယ့်တစ်ခေါက်တည့် ၊ စစ်ထိုးသောခါ ၊ ရွတ်ပါ ကိုးကြိမ် ၊ စံအိမ်သန္ဓေ ၊ မဖွားနေမူ ၊ ရေမှာ ကိုးခေါက် ၊ မန်း၍ သောက်က ၊ ဖွားမြောက်ခဏ ၊ ချမ်းသာရ၏ ။

    ခေတ္တနှောင်သွင်း ၊ သံခြေကျင်းနှင့် ၊ အပြင်းတိုက်လှောင် ၊ တစ်ထောင်ရွတ်လေ ၊ လွတ်ထွက်ပေ၏ ။ ပန်းမွှေး နှစ်ခေါက် ၊ ခရီးလျှောက်မူ ၊ ခေါင်းမှာတင်စိုက် ၊ ရန်ဘေး၌လည်း ၊ မြူဆိုက်မလိမ်း ၊ ကင်းလွတ်ငြိမ်း၏ ။

    ခပ်သိမ်းရောဂါ ၊ ဗျာပါလည်းကင်း ၊ သောကရှင်း၍ ၊ မင်းမင်းတကာ ၊ ကြည်စွာမြတ်နိုး ၊ ရေပြည့်အိုးသို့ ၊ မညိုးပန်းသွင် ၊ နေ့တိုင်းပင်တည့် ၊ ထွက်ဝင်ရဲရဲ ၊ လူခပဲတို့ ၊ အံ့အဲစလောက် ၊ ထွန်းတောက်ပ၀င်း ၊ ပွင့်လင်းသာသနာ ၊ ပွားကြောင်းရှာ၍ ၊ စန္ဒာလမင်း ၊ ကောင်းကင်ချဉ်းသို့ ၊ ကောင်းခြင်းထွေထွေ ၊ ကောင်းကျိုးဝေသည် ၊ သမ္ဗုဒ္ဓေ၏ တန်ခိုးတည်း ။

    ၎င်း လင်္ကာ၏ အဓိပ္ပာယ်မှာ သမ္ဗုဒ္ဓေဂါထာကို ကွမ်းစားလျှင် - ၇ ခေါက် ၊ ခေါင်းလျှော်လျှင် - ၁၀ ခေါက် ၊ ထမင်းစားလျှင် - ၃ ခေါက် ၊ ဆီလိမ်းလျှင် - ၅ ခေါက် ၊ လှေစီးလျှင် - ၈ ခေါက် ၊ ပန်းနံ့သာ လိမ်းလျှင် - ၉ ခေါက် ၊ စစ်တိုက်သော အခါ - ၉ ခေါက် ၊ အချုပ်အနှောင်ခံရသောအခါ အခေါက်ရေ ၁၀၀၀ ၊ လမ်းခရီးသွားလျှင် - ၂ ခေါက် ၊ အသီးသီး ရွတ်ဆိုပါက လိုရာ ကိစ္စ အ၀၀ ပြီးမြောက်နိုင်သည် ။ ထို့ပြင် မွှေးသောပန်းကို ကိုင်၍ သမ္ဗုဒ္ဓေဂါထာကို ၉ ခေါက်ရွတ်ပြီး ခေါင်းမှာ ပန်ဆင်ပါက ဘေးအန္တရာယ် ဟူသမျှ ကင်းလွတ်သည် ။ နေ့စဉ် ၉ ခေါက် မှန်မှန် ရွတ်ဆိုပါကလည်း ရောဂါကင်းခြင်း ၊ သောကကင်းခြင်း ၊ မင်းတကာတို့ ပူဇော်ခြင်း ခံရမည်ဟု အဓိပ္ပာယ် ရပေသည် ။